မြတ်မင်း
ကျွန်တော့် blog သို့ ရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအား လှိုက်လှဲပျူငှာစွာ ကြိုဆိုပါတယ် . . . . .
widget
Friday, November 16, 2012
ဖေ့ဘုတ်မှ တွေ့မိတဲ့ “ ဘ၀ကျောင်းဖတ်စာ ”
Credit to > ဘ၀ကျောင်းဖတ်စာ
ဆရာက သူ့အတန်းချိန်ကို ရေအနည်းငယ်ထည့်ထားတဲ့ ဖန်ခွက်ကလေးကို ကိုင်ရင်းနဲ့ စလိုက်တယ်။ ပြီးတော့ ကျောင်းသားတွေထဲကို တစ်ချက်ဝေ့ကြည့်ရင်း “ဒီဖန်ခွက်ရဲ့အလေးချိန်ဘယ်လောက်ရှိမယ်ထင်သလဲ” ဆိုပြီး မေးခွန်းတစ်ခု ထုတ်လိုက်ပါတယ်။ “၅၀ ဂရမ်…… ၁၀၀ ဂရမ်… ၁၂၅ ဂရမ် ” ကျောင်းသားတွေထဲမှ တစ်ယောက်တစ်ပေါက်စီ ဖြေဆိုကြပြီးနောက် ဆရာက “ငါတော့ ဒီဖန်ခွက်ရဲ့အလေးအချိန်ကို တိတိကျကျ မသိဘူး” လို့ ပြောလိုက်ပြီး…. “ငါမေးချင်တဲ့ အဓိကအချက်က အခုလို ဒီဖန်ခွက်ကို မိနစ်အနည်းငယ်လောက် ဒီအတိုင်းလေး ကိုင်ထားလိုက်ရင် ငါ့အနေနဲ့ ဘာဖြစ်နိုင်မလဲ”လို့ မေးလိုက်ပါတယ်။ “ဘာမှ မဖြစ်နိုင်ပါဘူး…ဆရာ” လို့ ကျောင်းသားတွေက တပြိုင်နက်တည်း ဖြေဆိုလိုက်ပါတယ်။ ဒီတော့ ဆရာက “ဟုတ်ပြီ … ဒါဆို နောက်ထပ် တစ်နာရီလောက်အထိ ဒီအတိုင်းလေး ကိုင်ထားမယ်ဆိုရင်ကော” လို့ မေးလိုက်တဲ့အခါမှာတော့ “ဆရာ့ လက် ညောင်းကိုက်လာမှာပါ” လို့ ကျောင်းသားတစ်ယောက်က ထဖြေလိုက်ပါတယ်။ “အေး….မင်း….တော်တယ်။ အခု ငါဆက်ပြီးတော့ ဒီဖန်ခွက်လေးကို တစ်နေ့လုံးကိုင်ထားမယ်ဆိုရင်ကော…” လို့မေးတော့ ကျောင်းသားက “ဆရာ့လက်မောင်း ကိုက်လာကောင်း ကိုက်လာပါမယ်။ ကြွက်သားတွေ နာကျင်ကောင်းနာကျင်လာပါမယ်။ ပြီးတော့ ဆေးရုံကို သွားပြရကောင်း ပြရပါမယ်” လို့ ဆက်ဖြေပါတယ်။ ဆရာက “ကောင်းတယ်….. အရမ်းကိုကောင်းတဲ့ အတွေးပဲ….။ ဟုတ်ပြီ… အခုလောလောဆယ် ဆရာကိုင်ထားတဲ့ ဖန်ခွက်ရဲ့ အလေးချိန်ဟာ ပြောင်းသွားနိုင်သလား……” လို့မေးတော့ ကျောင်းသား အားလုံးဟာ တပြိုင်နက်တည်းပဲ “မပြောင်းနိုင်ပါဘူး” လို့ ဖြေလိုက်ပါတယ်။ ဆရာက “ဒါဆို လက်မောင်းကိုက်တာ၊ ကြွက်သားတွေ နာတာတွေကရော…” ဆိုပြီးမေးလိုက်တော့ ကျောင်းသားအားလုံးမှာ ပဟေဠိကို တော်တော်လေးဆန်သွားရပါတယ်။ ဆရာက ဆက်ပြီး “ဒီအချိန်မှာ လက်မောင်းတွေကိုက်တာ၊ ကြွက်သားတွေနာတာကနေလွတ်ဖို့အတွက်…. ဆရာ့အနေနဲ့ ဘာလုပ်သင့်တယ်လို့ ထင်သလဲ…” လို့ မေးတဲ့အခါမှာတော့ အားလုံးသောကျောင်းသာတွေက “ဖန်ခွက်ကို အောက်ချလိုက်ပါ….”လို့ ဖြေလိုက်ပါတယ်။ “သေချာတာပေါ့” လို့ ဆရာကထောက်ခံတဲ့အနေနဲ့ပြောပြီး “ တို့ဘ၀ထဲမှာကြုံတွေနေရတဲ့ ပြဿနာတွေကလည်း ဒီဖန်ခွက်နဲ့အတူတူပါပဲ။ အဲဒီပြဿနာတွေကို ငါတို့အနေနဲ့ မိနစ်အနည်းငယ်လောက်အထိ ကိုင်ထားမယ်ဆိုရင် ဒါဟာ အဆင်ပြေသေးတယ်…။ ဒါမှ မဟုတ်ဘဲနဲ့ ဒီအကြောင်းတွေကိုချည်း ခေါင်းထဲမှာ တချိန်လုံးထည့်ထားမယ်ဆိုရင်တော့ ငါတို့အတွက် ကိုက်ခဲမှုတွေက စလာပြီပဲ။ ဒီထက်ပိုပြီး ထည့်ထားလေလေ ငါတို့အတွက် ကိုက်ခဲမှုတွေ များလာလေလေဖြစ်မယ်…။ ကောင်းကျိုးကတော့ တိုးလာတော့မှာ မဟုတ်ဘူး။ တခြားအရာတွေကိုလည်း ဖြေရှင်းနိုင်တော့မှာ မဟုတ်ဘူး။ ဒါဟာ ငါတို့တတွေရဲ့ ပြဿနာတွေပေါ်မှာ သိထားရမဲ့ ဘ၀ရဲ့ အရေးကြီးဆုံး အချက်ပဲဖြစ်တယ်…..။ ဒါပေမဲ့ ငါတို့အနေနဲ့ ဘယ်လောက်ပဲ ပြဿနာအကြီးကြီးတွေနဲ့ တွေ့တွေ့၊ ပက်ပင်းတိုးတိုး ဒါတွေကို ငါတို့ အိပ်ယာမ၀င်ခင်မှာ ထားခဲ့နိုင်မယ်ဆိုရင်တော့ ငါတို့ဟာ ကောင်းကောင်းအိပ်စက်နားယူနိုင်မယ်…။ ကောင်းကောင်းနိုးထနိုင်မယ်…။ ပြီးတော့ ကောင်းကောင်းမွန်မွန်နဲ့ ငါတို့လုပ်ငန်းခွင်တွေကို ဖြတ်သန်းနိုင်မယ်။ ဘ၀မှာတွေ့ရမယ့် ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို ငါတို့တတွေကောင်းကောင်းရင်ဆိုင်ဖြေရှင်းနိုင်မယ်….ဒါဟာ ငါတို့ရဲ့ ရှေ့ဆက်ရမယ့်ခရီးအတွက် နည်းမှန်လမ်းမှန်တစ်ခုပါပဲ…”လို့ ထပ်ပြီး ရှင်းပြလိုက်ပါတယ်….။ ************###############*************** ကျနော်တို့အားလုံးဟာ ပုံသေကားချပ်ချပြလို့မရတဲ့ ဘ၀ဆိုတဲ့အနေအထားကို ဖြတ်သန်းနေရ သူများပီပီ ကိုယ်စီကိုယ်စီမှာ စကားလေးတစ်ခွန်းကြောင့်ပဲဖြစ်ဖြစ်၊ လုပ်ရပ်လေးတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ ဖိအားလေးတွေ ရှိနေတတ်ပါတယ်။ တစ်ခါတရံ လွယ်လွယ်ကူကူနဲ့ မေ့ပျောက်သွားတတ်ပေမယ့် တစ်ခါတလေမှာတော့ အဲဒီဖိအားလေးတွေဟာ တဖြေးဖြေးကြီးလာတတ်တာ မျိုးလည်း ရှိပါတယ်။ ဘယ်လိုအနေအထားမျိုး၊ ဘယ်လိုအခြေနေမျိုးမှာပဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့ နေ့သစ်များကို ကြည်လင်စွာ ဖြတ်သန်းနိုင်ဖို့အတွက် အိပ်ယာမ၀င်ခင်အချိန်မှာတော့ ကျနော်တို့ တတွေကိုင်ထားတတ်တဲ့ ပြဿနာ ဒါမှမဟုတ် ဖိအား ဆိုတဲ့ ဖန်ခွက်လေးကိုတော့ ချထားသင့်ပါကြောင်း…….. ✍ဘ၀ကျောင်းဖတ်စာ
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment